ဘာကြောင့်များ ဂျပန်လူမျိုးတွေက Kimအပေါ် စိတ်ဆိုးဒေါသထွက်ရတာလဲ? အဖြေကတော့ ရိုးရှင်းပါတယ်။ Kimono လို့ခေါ်တဲ့ ဂျပန်ဝတ်စုံဟာ ဂျပန်လူမျိုးတွေအတွက် အလွန်အရေးပါပြီး အဖိုးတန်တဲ့ ရိုးရာဝတ်စုံလို့ ပြောလို့ရပါတယ်။ ဂျပန်အမျိုးသမီးတွေက ထိုဝတ်စုံကို ဝတ်ဆင်တဲ့အခါမှာ သူတို့ရဲ့ ခန္ဓာကိုယ်ပုံစံမပေါ်အောင် အင်္ကျီလက်ရှည်ကိုမှ ပွပွရောင်းရောင်းနဲ့ လုံလုံခြုံခြုံဝတ်ဆင်ရတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ Kimono ဝတ်စုံဟာ ဂျပန်အမျိုးသမီးတို့ရဲ့ အလွန်သိမ်မွေ့ပြီး ကျက်သရေရှိတဲ့အသွင်ကို ဆောင်ပေးတဲ့ဝတ်စုံလို့ ပြောရင်လည်းမမှားပါဘူး။ သို့သော်လည်း Kim Kardashian က Kimono ဆိုတဲ့ အမည်ကို အသုံးပြုပြီး တီထွင်ဆန်းသစ်လိုက်တဲ့ အသားကပ် ကိုယ်လုံးပေါ်ဝတ်စုံကတော့ Kimono ရဲ့ ရှိရင်းစွဲမူလအဓိပ္ပါယ်ကနေ ပြောင်းပြန်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒီအချက်ကပဲ ဂျပန်လူမျိုးတွေကို စိတ်ဆိုးဒေါသထွက်စေခဲ့တာဖြစ်ပါတယ်။
ဂျပန်လူမျိုးတွေဟာ Kimono ဝတ်စုံကို ၁၅ရာစုနှစ်ကတည်းက ရိုးရာဝတ်စုံအဖြစ် အမြတ်တနိုး ဝတ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်အမျိုးသမီးငယ်လေးတွေဟာ နိုင်ငံရပ်ခြားမှာကျောင်းတက်ပြီး ဘွဲ့ရတဲ့အခါမှာလည်း သူတို့ရဲ့ရိုးရာဝတ်စုံကို ဂုဏ်ယူစွာဝတ်ဆင်ပြီး ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်တာကို စာဖတ်ပရိသတ်ကြီးလည်း မြင်ဖူးမှာပါ။
Kim က သူမရဲ့ကိုယ်ပိုင်တီထွင်မှုဖြစ်တဲ့ အမျိုးသမီး ကိုယ်လုံးပေါ်အတွင်းခံတံဆိပ်ကို လွန်ခဲ့တဲ့ June 25 ရက်နေ့ကမှ လူထုကိုချပြခဲ့တာဖြစ်ပြီး ဒီဝတ်စုံကို ထုတ်လုပ်ဖို့ဆိုတာဟာ သူမရဲ့ နှစ်ရှည်လများ စီစဉ်ခဲ့ရတဲ့ အိမ်မက်တစ်ခုလည်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒီအတွင်းခံဝတ်စုံနဲ့ပတ်သက်ပြီး တံဆိပ်ကိုနာမည်ပေးခြင်းအပေါ် သူမအနေနဲ့ အမှားကြီးမှားခဲ့တာလား? ဒါမှမဟုတ် Kimono ဆိုတာ ဂျပန်အမျိုးသမီးတွေက အမြတ်တနိုးဝတ်ဆင်တဲ့ ရိုးရာဝတ်စုံကို ရည်ညွှန်းတယ်ဆိုတာကို သူမ မသိခဲ့လေသလား?
ဂျပန်အမျိုးသမီးတစ်ဦးဖြစ်တဲ့ Yuka Ohishi ဆိုသူက “ကျွန်မတို့ဟာ Kimono ဝတ်စုံကို ကလေးလေးတွေ ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာဖို့အတွက် တောင်းဆုပြုတဲ့အခါတွေမှာ၊ စေ့စပ်ပွဲအခမ်းအနားတွေ၊ ဘွဲ့နှင်းသဘင်အခမ်းအနားတွေနဲ့ ဈာပနာတွေကိုတက်ရောက်တဲ့အခါမှာ ဝတ်ဆင်လေ့ရှိကြတာပါ။” လို့ BBC ကပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာဆိုခဲ့ပါတယ်။
Kim ရဲ့အဆိုအရ သူမဟာ ဒီဝတ်စုံကိုဖန်တီးဖို့အတွက် ၁၀စုနှစ်တစ်ခုနီးပါး အချိန်ယူခဲ့တယ်ဆိုရင် သူမဟာ ရိုးရာယဉ်ကျေးမှုဆိုင်ရာအကြံပေးသူတွေဆီကနေ အကြံဉာဏ်မရယူခဲ့ဘူးလားဆိုတဲ့ ဝေဖန်အပြစ်တင်သံတွေ ထွက်လာခဲ့တာပဲဖြစ်ပါတယ်။
Source ~ BBC
#SY(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share