ရိုမန်ကတ်သလစ်ခရစ်ယာန်ဘုရားကျောင်းတွင် အကျော်ကြားဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ သြစတေးလျတိုက်သား ဘုန်းတော်ကြီး George Pell ဟာ ကလေးသူငယ်များကို အကြိမ်ပေါင်းများစွာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုနဲ့ ပတ်သက်ပြီး သံသယဝင်ခံရကာ Melbourne ပြည်နယ်မှာ လွန်ခဲ့တဲ့ ဒီဇင်ဘာလထဲက တိတ်တဆိတ် တရားရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ အသက် ၇၇နှစ်အရွယ် ဘုန်းတော်ကြီး George Pell ဟာ အသင်းတော်ဌာနချုပ်ရဲ့ ဘဏ္ဍာရေးမှူးဖြစ်တဲ့အပြင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ရဲ့ အကြံပေးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ ၁၉၉၀ခုနောက်ပိုင်းမှာ ဘုန်းတော်ကြီးဟာ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုအပြင် သီလနဲ့မညီတဲ့ မသင့်လျော်သောလုပ်ရပ်တွေနဲ့ ပတ်သက်ပြီး အပြစ်ရှိတယ်လို့ တရားခွင်က သတ်မှတ်ထားလိုက်ပြီဖြစ်တဲ့အတွက် သူဟာထောင်ကျဖို့အတွက် သေချာသလောက်ရှိနေပါပြီ။
ဒီကြောက်မက်ရွံရှာဖို့ကောင်းတဲ့သတင်းဟာ တစ်ကမ္ဘာလုံးကို ပြန့်နှံ့သွားပြီး ကတ်သလစ်အဖွဲ့အစည်းတွေမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာအရ ညင်းပန်းနှိပ်စက်ကြတဲ့အကြောင်းကို လူတွေက ပိုမိုစိတ်ဝင်စားလာကြပါတယ်။ ၂၀၁၈ နိုဝင်ဘာလမှာစတင်တဲ့ ခေါင်းဆောင်တရားသူကြီး Peter Kidd ကိုင်တွယ်ထားတဲ့ Pell ရဲ့ရက်သတ္တပတ် ၅ပတ်ရှည်ကြာတဲ့ တရားခွင်ရင်ဆိုင်မှုကို သတင်းမီဒီယာတွေက လူထုဆီဖြန့်လွှင့်ပြီးနောက် တရားရုံးရဲ့ ပိတ်သိမ်းပယ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ Pellရဲ့ တရားရင်ဆိုင်ရခြင်းဟာ သူလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ဖူးတဲ့ Melbourneမြို့ St.Patrick ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ ကောင်လေးတစ်ယောက်က သက်သေထွက်ဆိုခဲ့ရာကနေ စခဲ့တာပဲဖြစ်ပါတယ်။ နောက်တစ်ယောက်က ဆေးအလွန်အကျွံသုံးစွဲမှုကြောင့် သေဆုံးသွားတာပဲဖြစ်ပါတယ်။ အသက်ရှင်နေသေးတဲ့ အနိုင်ကျင့်ခံရသူတွေကိုတော့ သြစတေးလျနိုင်ငံရဲ့ဥပဒေအရ လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်ခံရတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောပြခွင့်မရှိပါဘူး။ တရားစွဲဆိုသူက “Pell ဟာ ဘုရားကျောင်းအနောက်ဘက်က အခန်းငယ်လေးထဲမှာ ဝိုင်ထိုင်သောက်နေတဲ့ ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်ခဲ့တယ်။ တစ်လလောက်အကြာမှာတော့ အဲ့ကောင်လေးကို အကြောင်းမဲ့ အပြစ်ပေးခဲ့တယ်။” လို့ဆိုပါတယ်။ အနိုင်ကျင့်ခံရတဲ့သူက “ကျွန်တော်ဟာ နေ့စဉ်နဲ့အမျှ ရှက်ရွံ့မှုတွေ၊ အထီးကျန်ဆန်မှုတွေ၊ စိတ်ဓာတ်ကျတာတွေနဲ့ ရှင်သန်နေခဲ့ရတာ။ တခြားအနိုင်ကျင့်ခံရတဲ့သူတွေလိုပဲ ဒီဖြစ်ရပ်ဟာ ကျွန်တော့်ဘဝရဲ့အချိန်တော်တော်များများကို အရိပ်မဲတစ်ခုလိုပဲ လွှမ်းမိုးနေခဲ့တာ။ ကျွန်တော်တို့ အရမ်းကိုယုံကြည်ခဲ့တဲ့သူတွေက ကျွန်တော်တို့အပေါ် သိပ်ရက်စက်တဲ့အတွက် ကျွန်တော်တို့က လူတွေကိုယုံကြည်ဖို့ကြောက်လာကြတယ်။” လို့ ဆိုခဲ့ပါတယ်။ Pellကို ပထမဆုံးအကြိမ် တရားခွင်စစ်ဆေးတုန်းက လူတွေကိုအသိမပေးတာဟာ လူတွေက ဘုန်းတော်ကြီးတွေအပေါ်မှာ အရမ်းကိုယုံကြည်အားထားတဲ့အတွက် ဂျူရီအဖွဲ့ကိုပါ မုန်းတီးတိုက်ခိုက်လာမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
Pellဟာဥပဒေအကြံပေးပုဂ္ဂိုလ်တွေနဲ့အတူ သူအပြစ်ကင်းစင်ကြောင်းကို သက်သေပြဖို့အတွက် အမြဲပြင်ဆင်လာတတ်တယ်။ Pell ကို ပြစ်ဒဏ်စီရင်ခြင်းဟာ သြစတေးလျကိုသာမက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေပါတယ်။ နောက်ဆုံးအဆင့် တရားစီရင်ချက် မထွက်လာမချင်း ဘုန်းတော်ကြီး Pellဟာ သူအပြစ်ကင်းစင်ကြောင်းကို သက်သေပြဖို့အခွင့်အရေးရှိတယ်လို့ ဘုန်းတော်ကြီးကိုအားပေးနှစ်သက်သူတွေက တစ်ယောက်တစ်ပေါက် ပြောဆိုလာကြပါတယ်။ ဒီမကောင်းသတင်းက လူထုဆီသို့မပေါက်ကြားခင်ကတည်းက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က Pell ကို သူ့ရဲ့အကြံပေးပုဂ္ဂိုလ်အဖွဲ့ထဲကနေ ပယ်ထုတ်လိုက်ပြီးနောက် အင်တာဗျူးတစ်ခုမှာ “ဒါဟာ မကောင်းဆိုးဝါးရဲ့ သိမ်းသွင်းခြင်းကို မလွန်ဆန်နိုင်လို့ပဲဖြစ်ပါတယ်” လို့ဆိုခဲ့ပါတယ်။
#SY(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share