ယူနိုက်တက်အသင်းနဲ့အဲဗာတန်အသင်းတို့ရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်သူ ဒေးဗစ်မိုယက်စ်ဟာ နည်းပြလောကထဲသို့ပြန်လည်ဝင်ရောက်လာရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။ ဒေးဗစ်မိုယက်စ်ဟာ ပြီးခဲ့သည့် ဘောလုံးရာသီ၌ ဝက်စ်ဟမ်းအသင်းနဲ့အတူ အောင်မြင်သည့် အချိန်ကာလတစ်ခုကို ဖြတ်သန်းနိုင်ခဲ့သော်လည်း လန်ဒန်မြို့ခံကလပ်အသင်းကမူ မိုယက်စ်ကို စာချုပ်သက်တမ်းမတိုးဘဲ မန်စီးတီးအသင်းရဲ့ နည်းပြဟောင်း ပယ်လီဂရီနီကိုသာ အစားထိုးခန့်အပ်ခဲ့ပါတယ်။
လက်စတာအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နည်းပြကလော်ဒီဖျူရယ်လ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြေညာပြီးနောက် မိုယက်စ်က လက်စတာအသင်းနည်းပြရာထူးကို လက်ခံဖွယ်ရှိကြောင်း ဝန်ခံပြောကြားလာတာဖြစ်ပါတယ်။ Talksport နဲ့ တွေ့ဆုံခန်း၌ မိုယက်စ်က “ကျွန်တော် နည်းပြဘဝထဲကို ပြန်လည်ဝင်ရောက်လာဖို့အတွက် စိတ်အားထက်သန်နေပါတယ်။ ဝက်စ်ဟမ်းအသင်းနဲ့တစ်နှစ်တာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ကျွန်တော်နည်းပြလောကထဲကို ပြန်လာချင်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ကိုယ့်အလုပ်ကို အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့ ခံစားခဲ့ရပြီး ဒီအတွက် ကျွန်တော်တကယ်ကျေနပ်ပျော်ရွှင်ရပါတယ်။ တကယ်လို့များ သင့်တော်တဲ့ ကမ်းလှမ်းမှုရမယ်ဆိုရင် ကျွန်တော်ကတော့ လက်ခံဖို့အဆင်သင့်ပါပဲ။” ဟူ၍ ဖွင့်ဟပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်တွင်မူ ဆဲလ်တစ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကလည်း လက်စတာအသင်းရဲ့ နည်းပြအသစ်ဖြစ်လာဖို့ ရေပန်းစားလျက်ရှိကြောင်းလည်း သတင်းများက ကျယ်လောင်စွာဖော်ပြလျက်ရှိပါတယ်။
#HM(1209Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share