HomeSportသြစတြေးလျအိုးပင်းပြိုင်ပွဲတွင် ဆစ်စီပတ်စ်က ဘောတစ္စတာကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့တက်ရောက်

သြစတြေးလျအိုးပင်းပြိုင်ပွဲတွင် ဆစ်စီပတ်စ်က ဘောတစ္စတာကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့တက်ရောက်

- Advertisement -

ကျင်းပလျက်ရှိသော သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂရိနိုင်ငံသား ဆစ်စီပတ်စ်က ဘောတစ္စတာကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စတုတ္ထအဆင့်ပြိုင်ပွဲမှာလည်း နာမည်ကျော် ကစားသမား ဖက်ဒါရားကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ဆစ်စီပတ်စ်ဟာ ဂရင်းစလင်း ပြိုင်ပွဲတွေရဲ့ ကွာတားဖိုင်နယ်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တဲ့ ဂရိနိုင်ငံသား အဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

အသက် (၂၀) နှစ် နဲ့ (၁၆၈) ရက်သာ ရှိသေးတဲ့ ဆစ်စီပတ်စ်ဟာ အခုလိုပဲ ကွာတားဖိုင်နယ်အဆင့်မှာ ပြိုင်ဘက် စပိန်နိုင်ငံသား ဘောတစ္စတာကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာကြောင့် (၂၀၀၇) ယူအက်စ်အိုးပင်းမှာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တဲ့ ဂျိုကိုဗစ်နောက်ပိုင်း ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

- Advertisement -

ဂရိနိုင်ငံသား ဆစ်စီပတ်စ်ဟာ ဘောတစ္စတာကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ၇-၅၊ ၄-၆၊ ၆-၄၊ ၇-၆၊ (၇-၂) ဆိုတဲ့ ရလဒ်ရရှိအောင် (၃) နာရီနဲ့ (၁၅) မိနစ်ကြာ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ဆစ်စီပတ်စ်ဟာ (၂၀၀၉) ခုနှစ်ရဲ့ ချန်ပီယံဟောင်း ရာဖေးလ်နာဒါလ် နဲ့ တီယာဖိုးတို့ ယှဉ်ပြိုင်ကစားမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရရှိတဲ့ ကစားသမားနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

- Advertisement -

ဒီလို အောင်မြင်မှုတွေနဲ့ ပတ်သက်ပြီးတော့ “တကယ်ကို ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လိုပါပဲ။ အိမ်မက်မက်နေသလို ခံစားနေရပြီး ကျွန်တော့် ကြိုးစားမှုတွေအတွက် အကျိုးကျေးဇူးတွေ ခံစားနေရပါပြီ။ နည်းနည်းတော့ စိတ်လှုပ်ရှားနေပေမဲ့ အရမ်းကြီးတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဆင့်ထိ ရောက်ဖို့အတွက် ကျွန်တော် ဘယ်လောက်အထိ ကြိုးစားခဲ့ရလဲဆိုတာကို ကောင်းကောင်း သိလို့ပါ . . .” ဆိုပြီးတော့လည်း ဆစ်စီပတ်စ်က ဖွင့်ဟပြောကြားသွားပါသေးတယ်။

- Advertisement -

“တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲတစ်ပွဲပါ။ အခုဆို လူတွေက ကျွန်တော့်အပေါ် ပိုပြီး အာရုံစိုက်လာပြီဆိုပေမဲ့ ပြိုင်ပွဲအပေါ် အာရုံစူးစိုက်မှု အပြည့်ရှိနေဖို့ လိုပါတယ်။ ဒီနေ့မှာ ကျွန်တော် ကောင်းကောင်း ကစားနိုင်ခဲ့တဲ့အတွက် အရမ်း ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို အောင်မြင်မှုမျိုးက မတော်တဆဖြစ်လာတာမဟုတ်ဘူးဆိုတာကို ပြသနိုင်ခဲ့လို့ပါ။”

“အိမ်မက်မဟုတ်ဘဲ တကယ်ဖြစ်နေတယ်လို့တောင် ခံစားလို့မရခဲ့ပါဘူး။ ကျွန်တော့် အသင်းဖော်တွေက ဒီနှစ်အတွက် ကျွန်တော့်ရည်မှန်းချက်ကို မေးတော့ ဂရင်းစလင်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်ဖို့ဆိုပြီး  ပြောခဲ့တာပါ။ အဲ့ဒီလိုမျိုး ဖြေခဲ့တုန်းက ကိုယ့်ကိုကိုယ် ရူးများရူးနေလားလို့တောင် ပြန်စဉ်းစားခဲ့မိပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင်  အဲ့ဒီရည်မှန်းချက်က တကယ်ကို ဖြစ်လာခဲ့ပါတယ် . . .”

“ဒီလို အံ့အားသင့်ဖွယ်ကောင်းတဲ့ ပြိုင်ပွဲမှာ ကျွန်တော် ဆက်လက်ပြီး ခရီးဆက်ချင်ပါသေးတယ် . . .” လို့လည်း ဆစ်စီပတ်စ်တစ်ယောက်က အားကြိုးမာန်တက် ပြောကြားသွားပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read