ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာဇက်က လက်ရှိဆောင်းရာသီ အပြောင်းအရွှေ့မှာ စပိန်နာမည်ကြီးကလပ် ရီးရဲယ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ ငြင်းဆန်ပယ်ချမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ (၇) ရာသီမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတဲ့ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံး သုံးနှစ်ဆက် ရရှိထားတဲ့ ရီးရဲယ်မက်ဒရစ်အသင်းမှာ ကစားခွင့်ရဖို့က သူ့ရဲ့ အိမ်မက်ဖြစ်ကြောင်းကို နှစ်ကြိမ်တိုင်တိုင် ထုတ်ဖော်ပြောကြားဖူးတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
စပိန်နိုင်ငံရဲ့ မြို့တော် မက်ဒရစ် အခြေစိုက် ရီးရဲယ်မက်ဒရစ်အသင်းဟာ လက်ရှိ (၂၀၁၉) ခုနှစ်အတွင်းမှာပဲ ဟာဇက်ကို အရခေါ်ယူဖို့ ဆန္ဒရှိနေပေမဲ့ အသက် (၂၈) နှစ်အရွယ် ဟာဇက်ကတော့ လက်ရှိဘောလုံးရာသီကို ချဲလ်ဆီးအသင်းမှာပဲ ကုန်ဆုံးဖို့ စဉ်းစားထားပြီး လာမယ့်နွေရာသီမှသာ အသင်းကနေ ထွက်ခွာဖို့ ချဲလ်ဆီးအသင်းကို ဖိအားပေးဖွယ်ရှိနေပါတယ်။ နာမည်ကြီး မာကာသတင်းစာရဲ့ ဖော်ပြချက်အရ ဟာဇက်ဟာ လိုင်လီအသင်းမှာ ကစားစဉ်တည်းက ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ အိမ်မက်မက်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းနဲ့ နောက်ဆုံး ဘောလုံးရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်ဖို့ကိုသာ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးအသင်းရဲ့ အဓိက ဂိုးသမားဖြစ်သူ ကော်တိုအာကို ခေါ်ယူထားတဲ့ ရီးရဲယ်မက်ဒရစ်အသင်းကလည်း ချဲလ်ဆီးအသင်းနဲ့ ကလပ်နှစ်သင်းကြား တင်းမာမှုတွေ ဖြစ်ပေါ်လိုတဲ့ ဆန္ဒမရှိတာကြောင့် ကစားသမားဖြစ်သူရဲ့ ဆန္ဒအတိုင်း နောက်ထပ် (၆) လကို ထပ်မံ စောင့်ဆိုင်းသွားဖွယ်ရှိနေပါတယ်။ လာမယ့် ဘောလုံးရာသီ ကုန်ဆုံးချိန်မှသာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဟာဇက်ကို ချဲလ်ဆီးအသင်းက လက်ရှိဘောလုံးရာသီ အစောပိုင်းတည်းက စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပေမဲ့ လက်ရှိအချိန်ထိ ကစားသမားကို စည်းရုံးနိုင်ခြင်းမရှိသေးတာကြောင့် ဟာဇက်ကို လက်လွှတ်ရသည့်တိုင်အောင် လန်ဒန်ကလပ်အသင်းအနေနဲ့ အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) တောင်းဆိုသွားဖို့ ပြင်ဆင်ထားတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
#HM(soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share