ပြီးခဲ့တဲ့ရာသီက စံချိန်တင်မှတ်တမ်းပေါင်းများစွာနဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဟက်ဒါဖီးလ်အသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်မှာလည်း လက်ရှိဘောလုံးရာသီအတွက် စံချိန်ကောင်းတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ ပွဲကစားချိုန် (၁၈) မိနစ်မှာ မန်စီးတီးအသင်းရဲ့ ဘယ်နောက်ခံလူအဖြစ် ပွဲထွက်လာခဲ့တဲ့ ဒန်နီလိုရဲ့ ကန်ချက်က ဟက်ဒါဖီးလ်ကစားသမား ရှန်ဒလာနဲ့ ထိပြီး လမ်းကြောင်းပြောင်းကာ ဂိုးထဲ ဝင်သွားခဲ့ပြီး ဒီဂိုးဟာ မန်စီးတီးအသင်းအတွက် သာမန်ဦးဆောင်ဂိုးတစ်ဂိုး မဟုတ်ခဲ့ဘဲ လက်ရှိဘောလုံးရာသီ ဥရောပထိပ်သီးလိဂ်ငါးခုရဲ့ ကလပ်အသင်းတွေထဲက ပြိုင်ပွဲစုံ ဂိုး (၁၀၀) ပြည့် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်သွားစေခဲ့ပါတယ်။
အဝေးကွင်းမှာ လာရောက်ကစားခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီဂိုးတစ်ဂိုးနဲ့တင် ရပ်တန့်မနေခဲ့ဘဲ ဒုတိယပိုင်းမှာ အသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ စတာလင်၊ ဆာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပွဲအပြီးမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို အသင်းရဲ့ ပြိုင်ပွဲစုံ သွင်းဂိုးအရေအတွက်ကလည်း (၁၀၂) ဂိုးအထိ ရောက်ရှိခဲ့ပါတယ်။ မန်စီးတီးအသင်းနဲ့ အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ PSG အသင်းကလည်း ဒီတစ်ပတ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပြင်သစ်လီဂူး ပွဲစဉ်မှာ ဂူအင်ဂမ့်အသင်းကို ကိုးဂိုးပြတ်သွင်းပြီး ဂိုးမိုးရွာခဲ့ပေမဲ့ ပြိုင်ပွဲစုံ ဂိုး (1209၁၀၀) ပြည့်မြောက်ဖို့အတွက် (၁၀) ဂိုးလိုအပ်နေပါသေးတယ်။
PSG အသင်းရဲ့ နောက်မှာတော့ စပိန်လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ ဘာစီလိုနာအသင်းက ပြိုင်ပွဲစုံ (၇၈) ဂိုးသွင်းယူပေးထားနိုင်ပြီး လာလီဂါလက်ရှိချန်ပီယံအသင်းရဲ့နောက်မှာတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ စပါးအသင်းက ဂိုး (၇၀)၊ အာဆင်နယ်အသင်းက (၆၈) ဂိုး၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လီဗာပူးအသင်းတို့က (၆၅) ဂိုးနဲ့အတူ အသီးသီး ရပ်တည်လျက်ရှိပါတယ်။
#HM(Soshwe)
#SoshweSports
#SoshweForYourDailyLife
#Like&Share