အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက်က ကယ်လီဖိုးနီးယားပြည်နယ် ၊ Yosemite National ပန်းခြံရှိ မတ်စောက်ပြီး တက်ဖို့ အရမ်းကို ခက်ခဲတဲ့ ကျောက်တောင်တွေထဲက တစ်ခုဖြစ်တဲ့ El Capitan တောင်ထိပ်ကို တက်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံးသူအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အဆိုပါကောင်လေးဟာ ကော်လိုရာဒိုပြည်နယ်က ၂ တန်းကျောင်းသားလေး ဆမ် ဘိတ်ကာဖြစ်ပြီး တောင်ထိပ်ကို တောင်တက်ကြိုးနဲ့ တက်ခဲ့တာဖြစ်ပါတယ်။ ဆမ်က တောင်တက်ပစ္စည်းအကူအညီအပြင် ဖခင်ဖြစ်သူ ဂျိုးဘိတ်ကာပါဝင်တဲ့ တောင်တက်အဖွဲ့ရဲ့အကူအညီနဲ့ ပေ ၃၀၀၀ မြင့်တဲ့ တောင်ကို တက်ခဲ့တာဖြစ်ပါတယ်။
ဖခင်ဖြစ်သူ ဂျိုးက သူတို့တောင်တက်နိုင်ခဲ့ပြီဆိုတာကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ပို့စ်တင်ခဲ့ပြီး သားဖြစ်သူအတွက် အရမ်းဂုဏ်ယူကြောင်း၊ နှစ်အနည်းငယ်အတွင်းမှာ နောက်ထပ်စံချိန်တွေကိုလည်း ထပ်ပြီးချိုးနိုင်ကြောင်း ချီးမွမ်းပြောကြားခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လက EI Capitan တောင်ထိပ်ကို အသက် ၁၀ နှစ်အရွယ် ဆီလာချ် ဆနိုတ်တာဆိုတဲ့ ကလေးမလေး တက်ခဲ့ပြီး (၃) နှစ်အကြာမှာ ဆမ်က အခုလိုအောင်မြင်စွာ တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဆမ်က ကျောက်တောင်တက်တာနဲ့ အကျွမ်းတဝင်ရှိသူဖြစ်ပြီး အသက် ၃ နှစ်အရွယ်မှာ Garden of the Gods ကျောက်တောင်ကို ပထမဆုံးတက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက သူဟာ Lost Arrow Spire နဲ့ Fairview အပါအဝင် အခြားအထင်ကရကျောက်တောင်တွေကို တက်ခဲ့ပါတယ်။ El Capitan တောင်တက်ဖို့ ပြင်ဆင်မှုအနေနဲ့ ဆမ်က ပြီးခဲ့တဲ့ (၂) နှစ်အတွင်း တစ်ပတ်ကို အနည်းဆုံး ၃ ရက်လောက် လေ့ကျင့်ခဲ့ရပါတယ်။ သူ့အနေနဲ့ တောင်မတက်ခင် အရမ်းစိတ်လှုပ်ရှားခဲ့ပြီး စိုးရိမ်စိတ်ဖြစ်မိတယ်လို့ ဆမ်က ဆိုပါတယ်။
ဖခင်ခြစ်သူ ဂျိုးဘိတ်ကာကတော့ အရင်က El Capitan ကို တက်ခဲ့ဖူးပေမယ့် တောင်ခြေကနေ တောင်ထိပ်အထိ မရောက်ခဲ့ဖူးပါဘူး။ ဒါက သူ့သားနဲ့အတူ တောင်ထိပ်ကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
<Unicode Version>
#soshwe
#soshwelifestyle
#soshweforyourdailylife
#likeandshare