HomeHome & Propertyတရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံး စားသောက်ဆိုင်အကြောင်း။

တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံး စားသောက်ဆိုင်အကြောင်း။

- Advertisement -

မိုးမျှော်တိုက်ကြီးတွေနဲ့ ခမ်းနားနေတဲ့ တရုတ်နိုင်ငံအတွင်းမှာ အခုဆိုရင်လည်း ထူးထူးခြားခြားအနေနဲ့ ကမ္ဘာ့အမြင့်ဆုံး စားသောက်ဆိုင်တခုလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ “ဆင်ဖြူတော်မှီပြီး ကြံစုပ်” လို့ဆိုရရင်လည်း မမှားပါဘူး။ ဒီစားသောက်ဆိုင်က ရှန်ဟိုင်းမြို့က တရုတ်နိုင်ငံရဲ့ အမြင့်ဆုံး ဂျေဟိုတယ်ရှန်ဟိုင်းတာဝါမှာ တည်ရှိပြီး Heavenly Jin လို့နာမည်ပေးထားကာ ဂင်းနစ်မှတ်တမ်းရဲ့ တာဝန်ရှိသူတွေက ဂုဏ်ပြုဆုချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီစားသောက်ဆိုင်ဟာ အဆိုပါတာဝါကြီးရဲ့ အထပ်ပေါင်း (၁၂၀) မြောက်မှာတည်ရှိပြီး မြေပြင်အထက် (၅၅၆.၃၆) မီတာ၊ ပေအားဖြင့် (၁,၈၂၅) ပေ အမြင့်မှာရှိတယ်လို့ သိရပါတယ်။ အဆိုပါရှန်ဟိုင်းတာဝါကလည်း (၆၃၂) မီတာမြင့်မားပြီး တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးအဆောက်အအုံ၊ ကမ္ဘာပေါ်မှာ တတိယအမြင့်ဆုံး အဆောက်အအုံအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

- Advertisement -

- Advertisement -

ရင်သပ်ရှုမောဖွယ်ရှုခင်းတွေကို ခံစားနိုင်တဲ့ ဒီစားသောက်ဆိုင်မှာ ဥရောပ၊ ဂျပန်နဲ့ တရုတ်ဟင်းလျာတွေအပါအဝင် ရိုးရာဂန္တဝင်ဟင်းလျာအသစ်တွေကိုလည်း သုံးဆောင်ခံစားနိုင်ပါတယ်။ နေ့လယ်ခင်းအချိန်အတွက်လည်း High Tea အစီအစဉ်ထားရှိပေးထားပြီး ဧည့်သည်တွေအနေနဲ့ အဆိုပါစားသောက်ဆိုင်အတွင်းကို ဝင်ဝင်ချင်းမှာ မီတာ (၃၀) ရှည်လျားတဲ့ လက်ရာမြောက်နံရံဆေးရေးပန်းချီကားကို ခံစားနိုင်မှာဖြစ်ပါတယ်။

- Advertisement -

ခရစ္စတယ်အလင်းတန်းတွေအောက်မှာ စားပွဲခင်းတွေကို ဖဲကြိုးသဏ္ဍာန်ပုံဖော်ပေးထားပြီး ဧည့်သည်ပေါင်း (၂၅၆) ယောက်ကို တပြိုင်နက်တည်း တည်ခင်းကျွေးမွေးနိုင်ပါတယ်။ သီးသန့်ခန်း (၅) ခန်းပါဝင်သလို ချက်ပြုတ်နည်းစနစ်တွေကိုလည်း မီးဖိုချောင်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လေ့လာနိုင်ပါသေးတယ်။ အခု Heavenly Jin မတိုင်ခင်က ကမ္ဘာ့အမြင့်မားဆုံးစားသောက်ဆိုင်အဖြစ် ဒူဘိုင်းက ကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံ Burj Khalifa ရဲ့ (၁၂၂) ထပ်မြောက်မှာရှိတဲ့ At.mosphere က သတ်မှတ်ခံထားရပါတယ်။ အဆိုပါစားသောက်ဆိုင်ဟာ အမြင့်ပေါင်း (၄၄၁.၃) မီတာမှာရှိပြီး (၂၀၁၁) မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Heavenly Jin တည်ရှိရာ ဂျေဟိုတယ်ရှန်ဟိုင်းတာဝါကိုတော့ ပြီးခဲ့တဲ့ (၂၀၂၁) နှစ်လယ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့အမြင့်မားဆုံး အဆောက်အအုံအဖြစ် ကြေညာခဲ့ပါတယ်။ ဒီတာဝါကို တရုတ်အစိုးရပိုင် ဟိုတယ်နဲ့ ခရီးသွားလာရေးကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Jin Jiang International က ပိုင်ဆိုင်ပြီး အခန်းပေါင်း (၁၆၅) ခန်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီလိုမျိုးဂျေဟိုတယ်ရဲ့ ကမ္ဘာ့အမြင့်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကိုတော့ ဂင်းနစ်စံချိန်အဖွဲ့က တရားဝင် သတ်မှတ်ပေးထားတာမျိုး မရှိသေးပါဘူး။ အကြောင်းကတော့ အဆောက်အအုံတခုအနေနဲ့သာ ကမ္ဘာ့အမြင့်ဆုံးအဖြစ် သတ်မှတ်လို့ရပြီး ဂျေဟိုတယ်က အဆိုပါတာဝါရဲ့အပေါ်ပိုင်းကိုသာ နေရာယူထားတာကြောင့် ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် စံချိန်သတ်မှတ်လို့မရတာ ဖြစ်ပါတယ်။

လက်ရှိကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတာကတော့ ဒူဘိုင်းမှာရှိတဲ့ ဂျီဗိုရာဟိုတယ်ဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၈) တုန်းက ကမ္ဘာ့အမြင့်ဆုံးဟိုတယ်အဖြစ် တရားဝင်ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။ ဒီဟိုတယ်မှာဆိုရင် ရွှေရောင်ဒီဇိုင်းနဲ့ ထူးခြားပြောင်မြောက်အောင် အလှဆင်ထားတဲ့ အထပ်ပေါင်း (၇၅) ထပ် ၊ အခန်းပေါင်း (၅၂၈) ခန်းအထိ ပါဝင်ပြီး (၂၀၁၈) မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

<Unicode Version>

 

#soshwe

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read