စင်္ကာပူနိုင်ငံ ငွေကြေးထိန်းချုပ်ရေးအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore – MAS) ၊ စင်္ကာပူနိုင်ငံ အမျိုးသားသုတေသနအဖွဲ့အစည်း (National Research Foundation – NRF) နဲ့ စင်္ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်ကျောင်း အဖွဲ့အစည်း (National University of Singapore – NUS) အစရှိတဲ့ အဖွဲ့အစည်း (၃) ခုပူးပေါင်းပြီး အာရှဒစ်ဂျစ်တယ်ဘဏ္ဍာရေး သုတေသနပညာသင်ကျောင်း (Asian Institute of Digital Finance – AIDF) ကို စတင်တည်ထောင်ခဲ့ပါတယ်။
အဆိုပါအဖွဲ့အစည်း (၃) ခုလုံးအနေနဲ့ အာရှဒစ်ဂျစ်တယ်ဘဏ္ဍာရေး သုတေသနပညာသင်ကျောင်းမှာ အာရှတစ်ဝှမ်းက ဘဏ္ဍာရေးဝန်ဆောင်မှုမှာ လိုအပ်နေတဲ့ အဆင့်မြင့်ပြီးလုံခြုံတဲ့ နည်းပညာတွေကို ထည့်သွင်းသင်ကြားပေးဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။ အဆိုပါပညာသင်ကျောင်းကို ၂၀၂၀ ခုနှစ်အကုန်ပိုင်းလောက်မှာ စတင်တည်ထောင်ခဲ့ပြီး အာရှဒစ်ဂျစ်တယ်ဘဏ္ဍာရေး သုတေသနပညာသင်ကျောင်းကို စင်္ကာပူနိုင်ငံအမျိုးသားတက္ကသိုလ်ကျောင်း ဘဏ္ဍာရေးပညာသင်ဌာန ပါမောက္ခချုပ် Duan Jin-Chuan က ဦးဆောင်အုပ်ချုပ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါတက္ကသိုလ်မှာ တက်ရောက်ပညာသင်ယူမယ့် ကျောင်းသူ/ကျောင်းသားတွေကို နည်းပညာနဲ့ ဘဏ္ဍာရေးနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေက တာဝန်ယူသင်ကြားပေးမှာပဲ ဖြစ်ပါတယ်။ သုတေသနပညာသင်ကျောင်းမှာ ပညာသင်ယူလိုတဲ့ ကျောင်းသူ/ကျောင်းသားတွေကို မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေပါ ရယူနိုင်အောင် ပြင်ဆင်ထားပေးပြီး ထူးချွန်တဲ့ကျောင်းသူ/ကျောင်းသားတွေကိုလည်း ပညာသင်ဆုတွေပေးအပ်သွားဖို့ ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။
ဒီဂျစ်တယ်ဘဏ္ဍာရေးဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ သုတေသနကိစ္စရပ်တွေကို ပြုလုပ်တဲ့အခါမျိုးမှာ အခြေခံခိုင်မာပြီး အသုံးဝင်မယ့် မဟာနည်းဗျူဟာတွေကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဂျစ်တယ်ဘဏ္ဍာရေးဝန်ဆောင်မှုကို ပြုလုပ်နေတဲ့အဖွဲ့အစည်းတွေ ကြုံတွေ့နေရတဲ့ နည်းပညာဆိုင်ရာ မသမာသူတွေရဲ့ မသမာတဲ့လုပ်ရပ်တွေကိုလည်း ထိရောက်စွာ ကိုင်တွယ်နိုင်ဖို့အတွက် အဆင့်မြင့် နည်းပညာတွေ သင်ကြားပေးသွားမယ်လို့လည်း သိရှိရပါတယ်။ နောက်ပိုင်းမှာတော့ AIDF အနေနဲ့ ဘဏ္ဍာရေးပြဿနာတွေနဲ့ ကြုံတွေ့ရတဲ့အခါမျိုးမှာ လိုအပ်လာမယ့် ခေတ်သစ်ငွေကြေးပြဿနာဖြေရှင်းနည်းတွေကို ကျောင်းသူ/ကျောင်းသားတွေအပြင် စွန့်ဦးတီထွင်စီးပွားရေးပညာရှင်တွေကိုပါ မျှဝေသင်ကြားပေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
<Unicode Version>
#soshwebankingandfinance
#soshweforyourdailylife
#likeandshare